ပေးဆပ်ခြင်းနဲ့ တုန့်ပြန်ခြင်း

(၁၂)ကြိမ်မြောက် ပြည် G.T.I ကျောင်းသား/သူဟောင်းများရဲ့ အာစရိယပူဇော်ပွဲ

ဒီဇင်ဘာည (16/12/2012)

ရန်ကုန်မြို့ရဲ့ညနေခင်း

နေရောင်မပျောက်ခင်

Eagle Garden မှာ

ဆုံနေကျ...မနှစ်ကနေရာ...။

ပြည် G.T.I က တပည့်ကျောင်းသားများ

ဆုံတဲ့ပွဲ...... (၁၂) ကြိမ်မြောက်ရောက်ခဲ့ပြီ

ဒီနှစ်က... အရင်နှစ်နဲ့မတူ

ပိုထူးခြား..ကန်တော့ခံ ဆရာသစ်တွေ

တိုးလာတာ...တွေ့ခဲ့ရ။

ဆရာဟောင်းတွေထဲ ..ကြွေပျက်ခဲ့

မတွေ့ရတော့တဲ့..ဆရာကြီး ဦးကြည်မောင်ဧ

" Find the equation " ..ဆိုရင်သိကြမှာပါ

သင်္ခါရကို....မလွန်ဆန်

ခရစ်တော်မှာ... အိပ်ပျော်ခဲ့ပြီ

ဆရာကြီး ကောင်းရာ သုဂတိရောက်ပါစေ။

ဆုံနေကျ... ဆရာတွေနဲ့တပည့်တွေ

ပြန်ပြောကြ.... ပြန်မေးကြ

အားလုံးရဲ့ ရင်မှာ ပျော်ရွှင်မှု

ကြည်နူးမှု အပြည့်။

မတွေ့ရလို့ အနေကြာပေမယ့်

မေ့မရတဲ့.... အသိစိတ်

ရင်တွင်းခံစားချက်

ဖွင့်ဟ ခဲ့ကြ။

စင်္ကာပူက ရေနံချောင်းသား

ကျော်စိုးမင်း

ဒီနှစ် ဓါတ်ပုံလာမရိုက်

သူ...ဘာတွေလုပ်နေလဲ

သူ့ကို...မတွေ့ရ

စင်္ကာပူရောက်ကျောင်းသားများ

စုပေါင်းလှူဒါန်းတာ...ဒေါ်လာကိုးထောင်

ကြော်ငြာထားတာ တွေ့ခဲ့ရကျေးဇူးတင်ကြောင်း

Vinyl  ရိုက်လို့ထား။

မိတ်ဆုံပွဲည

TheTree Band တဲ့

နီနီခင်ဇော်၊ ရှင်ဘုန်း၊ဘိုဖြူ

ဒီနှစ်လည်း ....ချိုပြုံး

ချောစုခင်၊ထူးအယ်လင်း၊ဇော်ပိုင်

သူတို့လည်းပါတာ....တွေ့ရ

သူတို့သီဆိုတဲ့ပွဲ

တေးသံသာတဲ့..ဒီည။

ဘဝရဲ့အလှည့်အပြောင်း

မတူညီတဲ့......ဘဝများ

ဂုဏ်အဆင့်တွေ....ဘေးပို့ထား

အရင်ကအတိုင်း ငယ်ဘဝ

ပြန်သတိရ

မမေ့သေးတဲ့ ကျောင်းတော်ကြီးရဲ့

အမှတ်တရ။

ပြန်တွေ့ကြ... ဆုံရခိုက်

သူကဝလာ.. သူကအရင်အတိုင်း

ရုပ်သဏ္ဍာန် ပမာဏ ပြောင်းလဲမှု

နှိုင်းဆတွက်ထုတ်တဲ့...အမြင်သီအိုရီ။

ဆရာတွေ...ဆရာမတွေ

ကိုယ့်တပည့်တွေနဲ့ တွေ့ဆုံခိုက်

ဘဝမှာ အဆင်မပြေမှု

အခက်အခဲတွင်း ရုန်းကန်မှု

ရင်တွင်းခံစားမှု....တဒင်္ဂ ပျောက်ခဲ့

ကြည်နူးမှု ပီတိအဟုန်ဖြင့် လွှမ်းခြုံခဲ့။

ဘဝနဲ့ ရင်း၍ ရခဲ့တဲ့

ဆရာဘဝ

ရှေးဘဝက ကုသိုလ်ကြောင့်လား

ဖြစ်ခဲ့ရတဲ့......ဘဝ

ရခဲ့တဲ့........ဘဝ...ကျေနပ်ခဲ့ရ။

ဆုံခဲ့ရတဲ့... ချစ်တပည့်များ

နှစ်တွေ ....ဆယ်စုနှစ်

နှစ်ကြိမ်ကျော်ခဲ့ပေမယ့်

အမြဲသတိရနေဆဲ....အမှတ်ရနေဆဲ။

တပည့်များရဲ့ ပူဇော်တဲ့ပွဲ

ဆင်နွှဲခဲ့ရတဲ့ ....ပီတိပွဲ

ရင်ထဲထိ........ စွဲညိဆဲ

တပည့်များရဲ့ ......စေတနာ

ပူဇော်မှုပြုတဲ့.... ဂါရဝတရား

မမေ့ကျေးဇူး..ဆပ်ခဲ့ကြသော

ချစ်တပည့်များ ...သုခကျန်းမာ

ချမ်းသာစွာဖြင့်...အောင်မြင်မှုအပေါင်း

သရဖူဆောင်းနိုင်ကြပါစေကြောင်း

ဆုတောင်းလိုက်ပါ၏။    ။

တစ်ချိန်တုန်းက

ပြည် G.T.I မှာ

သင်္ချာတွေ ...သင်တဲ့ဆရာ

(ဦးမြင့်စိုး)

ဒါလေးကမနှစ်က ဆရာက လူကြုံနဲ့ပို့ပေးခဲ့တဲ့ ကဗျာလေးပါ
အချိန်မရလို့ နဲ့ မေ့လျှော့မှုတွေကြောင့် မတင်နိုင်ခဲ့ဘူး။

ဒီနှစ် အာစရိယ ပူဇော်ပွဲကလည်း နီးလာပါပြီ
အလှူငွေလေးတွေ ထည့်ဝင်ကြပါအုံး။

ဒီနှစ် အကြောင်းကြောင်းကြောင့် အလှူငွေ အရနည်းနေပါတယ်
တတ်နိုင်သလောက်ပေါ့ဗျာ နည်းတာ များတာ အဓိကမဟုတ်ပါဘူး။

ရန်ကုန်မှာရောက်နေရင်လည်း တက်ဖြစ်အောင်တက်ကြပါအုံး
အင်မတန် အစဉ်အလာကောင်းတဲ့ အာစရိယ ပူဇော်ပွဲပါ။

ဆရာတွေဆို ပြည်ဂျီတီအိုင်မှာ ဆရာဖြစ်ခဲ့ရတာကို

ဂုဏ်ယူနေရတဲ့အထိပါပဲ။

ကိုယ့်တပည့်တွေ အောင်မြင် ခိုင်ဖြီးနေတာ

တွေ့ချင်တဲ့ ဆရာတွေ ချည်းပါပဲ။

ဆရာတစ်ယောက်ပြောသလို
ကြက်မကြီး သားပျောက်ရှာသလို ဟိုရှာ သည်ရှာနဲ့ ရှာနေတာပါပဲ။

အဲသည်လို ရှာနေတာက နာမည်သာမတပ်ပေမယ့်

ခင်ဗျားကို ရှာနေတာ ဖြစ်နိုင်တာပဲ။

သူတို့ သိပ်ဝမ်းသာကြရတယ်
ဆရာတွေ အများစုက ပီတိကိုစား အားရှိနေကြတာပါ။

ဘဝကိုပေးဆပ်ပြီး ဆရာလုပ်နေခဲ့ကြရတာ

တို့အလှည့်မှာ တတ်နိုင်သမျှ ပြန်လည်တုန့်ပြန်ကြတာပေါ့။

ဘယ်ဘက်က တစ်ဆုပ်ကြဲရင်
ညာဘက်က တစ်လှည်းဝင် ဆိုသလို အကျိုးပေးပါတယ်။

အသိ သတိလေး ကပ်ကြည့်ရင် အကန်တော့ ခံဆရာတွေရော

ကန်တော့သူ တပည့်တွေရော လျော့လျော့သွားတယ်။
အလျှော့စာရင်းထဲ ကိုယ်မပါခင်
ရောက်နိုင်သမျှနှစ်တွေ သွားရမှာပဲလေ။

အမှန်အတိုင်းပြောရရင် ကျွန်တော်ကတော့
ပြည်ဂျီတီအိုင် ကျောင်းသားဟောင်း ဖြစ်ရတာကို ဂုဏ်ယူတယ်။   ။